မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်ဖြစ်သည့် ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ကို ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁.၆.၂၀၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ဤတက္ကသိုလ်မှ နိုင်ငံ့ဝန်ထမ်းများ၏ အဆင့်အလိုက် အရည်အသွေးများ တိုးမြှင့်ပေးရန်အတွက် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှနေ၍ ပါဝင်လျက်ရှိပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်မှာ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဖြစ်ပြီး ၎င်း၏အဓိပ္ပါယ်မှာ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသူများဖြစ်သည်ဟု ဆိုလိုပါသည်။ အလားတူပင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၏ ဆောင်ပုဒ်မှာ “နိုင်ငံတည်ထောင်မှု ပြည်သူနှင့် ဝန်ထမ်း လက်တွဲပြု” ဖြစ်ပြီး ၎င်း၏အဓိပ္ပါယ်မှာ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ အခန်းကဏ္ဍတိုင်းတွင် အစိုးရနှင့် ပြည်သူလူထုအကြား ကြားခံဆက်သွယ် ဆောင်ရွက်ပေးသူများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် အရေးပါသူ များဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၏ ရည်ရွယ်ချက်များမှာ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းလောင်းများအား ကောင်းမွန်သောအုပ်ချုပ်မှုကို အထောက်အကူဖြစ်စေသည့် အခြေခံ သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးရန်၊ အလယ်အလတ်အဆင့်အရာထမ်းများ၊ အဆင့်မြင့်အရာထမ်း များနှင့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးများကို စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရန်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ စွမ်းရည် တိုးတက်မြင့်မားရေးဆိုင်ရာ သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တာဝန်ယူ ကျင်းပပေးရန်တို့ ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အဓိကဌာနကြီး(၂)ခုရှိပြီး ၎င်းတို့မှာ စီမံဘဏ္ဍာဌာနကြီးနှင့် လေ့ကျင့်သင်ကြားရေးဌာနကြီးတို့ ဖြစ်ပါသည်။ စီမံဘဏ္ဍာဌာနကြီး၏ လုပ်ငန်း တာဝန်များမှာ ပုံမှန်သင်တန်းများ၊ အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်ရေးတွင် အထောက်အကူပြုပေးရန် ဖြစ်ပါသည်။ လေ့ကျင့်သင်ကြားရေးဌာနကြီး၏ လုပ်ငန်းတာဝန်များမှာ ပညာဌာနကြီး (၈)ခုဖြစ်သော စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ ဥပဒေပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာန၊ နိုင်ငံရေးသိပ္ပံ ပညာဌာန၊ အင်္ဂလိပ်ဘာသာပညာဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနနှင့် ကာကွယ်ရေးပညာဌာနတို့မှ သင်တန်းများတွင် အင်တိုက်အားတိုက် ပို့ချပေးနိုင်ရေးနှင့် နှစ်စဉ် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

အချုပ်အားဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုအပေါ် အခြေခံ၍ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)သည် ကောင်းမွန်သောအစိုးရတစ်ရပ် တည်ဆောက်ရေးကို ရှေးရှုသည့် နိုင်ငံ့ဝန်ထမ်းများ၏ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် အရည်အသွေးများကို ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပေးလျက်ရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုလည်း တည်ဆောက် ရမည်ဖြစ်ပါသည်။