ပြည်သူ့၀န်ထမ်းများသည် နိုင်ငံတော်၏စီးပွားရေး၊လူမှုရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး တာ၀န်များကို ထမ်းဆောင်ရာတွင် မိမိတို့၏အခန်းကဏ္ဍအလိုက် လုပ်ငန်းများကို သေချာစွာ နားလည် သဘောပေါက်လျက် အံ၀င်ခွင်ကျထမ်းရွက်နိုင်ပြီး ပြည်သူတို့အား အလုပ်အကျွေးပြုမည့် ၀န်ထမ်းများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့၀န်ထမ်းကောင်းများ မွေးထုတ်ပေးရန်အတွက် ဗဟို၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ကို ဗဟိုပြည်သူ့၀န်ထမ်းကျောင်းအမည်ဖြင့် ၁၉၆၅ ခုနှစ်၊ဇန်နဝါရီလ (၁)ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

logo old final website

၁၉၇၇ ခုနှစ်၊မေလ(၅)ရက်နေ့တွင် ဗဟိုပြည်သူ့၀န်ထမ်းကျောင်းကို ဗဟို၀န်ထမ်း တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး၊ တက္ကသိုလ်၏အမည်ကိုလည်း ဖွင့်လှစ်သည့်ဒေသကို အစွဲပြု၍ ဗဟို၀န်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ဟု အမည်သတ်မှတ်ပေးခဲ့ပါသည်။

Loweruni

၂၀၁၆ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၆) သဘောတူခွင့်ပြုချက်အရ ဗဟို၀န်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို (၂၇-၅-၂၀၁၆) ရက်နေ့မှစ၍ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု အမည် ပြင်ဆင် ပြောင်းလဲခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်တွင် ယခင်က ကျင့်သုံးခဲ့သည့် Old Public Administration မှ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Management, New Public Government တို့ကို အထောက်အကူပြုသည့် New Public Service Delivery လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့်သူဟူသည့် စိတ်ဓာတ် မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်း ကောင်းများ ဖြစ်စေရေး ထိရောက်စွာလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်လျက် ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အဖြစ်မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခဲ့ပြီး တက္ကသိုလ်တံဆိပ်ကိုလည်းပြောင်းလဲခဲ့ပါသည်။